ပုဂံလမ်းမှာ
ပုဂံလမ်းမှာ
အသက်အရွယ်ကြောင့်မေ့လျော့ခြင်းဖြစ်သလို တစ်ခါတစ်လေလည်း
အလုပ်များတဲ့အခါ မေ့လျော့တတ်ပါတယ်။ မှတ်ညဏ်မှာ ရုတ်တရက်မပေါ်ပါဘူး။
မကြာသေးတဲ့ရက်ပိုင်းက ငယ်သူငယ်ချင်း၊ တက္ကသိုလ်ပါမောက္ခတစ်ယောက် ပုဂံလမ်း ဆိုတဲ့နံမည်ကို ပြောမထွက်တာလည်းဒီသဘောပါပဲ။
ဒါနဲ့ဆက်စပ်ပြီး ကျွန်တော်တို့ သူငယ်ချင်းတွေကြား စစ်ကိုင်းလမ်းကို ရှာဖွေတွေ့ရှိကြတယ်။
ကျွန်တော်လည်း ဒီပုဂံလမ်းနဲ့ပတ်သက်လို့...ပေါ့လေ။
အခုနေတာ နံပါတ် (၁၂)၊ ဘေးမှာ (၁၀)၊ သူ့ဘေးမှာ (၈)။
ကုန်ပြီ၊ ကျန်တာဆက်သွားရင် UTC ခေါ်တဲ့ တက္ကသိုလ် အရံတပ်ရင်း။
ဒီတော့ ပုဂံလမ်း အိမ်နံပါတ် (၁) ကနေ (၇) ဘယ်မှာလဲ။
အခုအိမ် ရှာဖွေဖတ်မိတာက (၁၉၃၂)မှာဆောက်ထားတာပါ။ ကျွန်တော့်အမေထက် (၃)နှစ်ကြီးပါတယ်။ (ရန်ကုန်တက္ကသိုလ် အနှစ် (၅၀) မဂ္ဂဇင်းအရပေါ့လေ။
ပုဂံလမ်းဆိုတာကို မောင်သိန်းဝင်းရဲ့ ပုဂံလမ်းက သီချင်းသည်ဆိုတာက စ ကြားဖူးခဲ့ပါတယ်။
နောက် လွှမ်းမို့ရဲ့ ကံကော်မြို့တော် ဆိုတဲ့သီချင်းထဲက ' ပုဂံလမ်းမှာ တူစုံလျှောက်ခဲ့...ရင်ကို ... ဖြေပါအုံးကွဲ့ ကံ့ကော်ရေ.....
နောက် ... မယ်တင့်ရဲ့ 'ပုဂံလမ်းက စောင့်နေမယ်' ဆိုတာပေါ့လေ။
[#တက္ကသိုလ် ၁၀၀
(ရေး ဆလိုင်းဂေ(မင်းတပ်)]
ဒီနှစ်ပိုင် ၂၀၀၈ နောက်ပိုင်းပေါ့လေ ဘတ်စ်ကားစီနိုင်တဲ့အရည်အသွေးမရှိတော့တဲ့ဘဝ (အကောင်းဘက်က
တွေးရင် ကျန်းမာရေးကောင်းတဲ့လူပဲစီးနိုင်တယ်) ရုံးပြန် တက္ကစီ ငှားစီးတဲ့အခါ ပုဂံလမ်းလို့ပြောရင် မသိကြဘူး။ သထုံလမ်းတော့သိတာများတယ်။ အရင် တစ်နှစ်လောက်က လမ်းထိပ်မှာ ဆိုင်းဘုတ်လေးရှိတော့ ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဝမ်းသာရပါတယ်။
အခုအိမ်ရဲ့ရှေ့အုတ်ခုံလေးမှာ (ခြံရှေ့အုတ်ခုံနှစ်ခုမှာ တစ်ခုပဲရှိတာ ကြာပါပြီ) လွန်ခဲ့တဲ့အနှစ် ၃၀ နီးပါးက ဒုတိယမြောက် အချစ်ဦးနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့က ပထမနဲ့ နောက်ဆုံးအကြိမ် အဖြစ် တစ်ခါ ထိုင်ခဲ့
ကြဖူးတယ်။တစ်ခါတည်းပါ။ အိမ်ကြီးရှင်တွေက ခလေးတို့ဒီမှာ မထိုင်ကြနဲ့လို့လာပြောလို့ အဲဒီရှေ့ ဘောလုံးကွင်းထဲ သစ်တိုပင်ကြီးအောက် ရောက်ကြသပေါ့။ (ဒီအပင်ကြီး ခုထိ ရှိသေးတယ်ဗျ၊ နာဂစ်မှာ ပါမသွားဘူး။)
အနှစ်သုံးဆယ်နီးပါးကြာ အုတ်ခုံမြင်တိုင်း လွမ်းလား မေးရင် မလွမ်းပါဘူး။ သူ့ကို (အဲဒီတုန်းက သူ့ကို အလျဉ်းသင့်သလို သတိရတတ်ပါတယ်။ လွမ်းတတ်ပါတယ်။ အခု သူ့ကို မဟုတ်ဘူး၊ သူမရှိတော့တာပဲ ကြာရော့ပေါ့၊ သူကွယ်လွန်ခဲ့တာ (၁ရ) နှစ်လောက်ရှိရော့ပေါ့။
ကျွန်တော်တို့ရဲ့ အလွမ်း (သို့) တမ်းတစိတ်ဆိုတာ လက်ရှိကို မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ အတိတ်၊ တစ်နည်းပြောရရင် သညာမှာ (မှားယွင်းစွာ) မှတ်ထားတာကို ပြန်ဖော်မိတာပါ။ ဒါကိုပဲ လက်ရှိနဲ့ (မလိုအပ်ပဲ) နှိုင်းယှဉ်စဉ်းစား (ပြန်ရလိုတဲ့ လောဘ တက်လာ) တဲ့အခါ လက်ရှိ ဘဝမှာ ပြဿနာ ပေါ်တတ်ပါတယ်။ (အထူးသဖြင့် အမျိုးသမီး (မိတ်ဆွေ၊ တူမ၊ သူငယ်ချင်း...) တွေကို ပြောပြချင်တာက ကိုယ့် အမျိုးသား အတိတ်ကို တမ်းတရင် မသိချင်ယောင်ဆောင်ပါ၊ သူ တမ်းတတာ အတိတ်ပါ၊ အခု မဟုတ်ပါဘူး။
သီချင်းတွေထဲပါတဲ့ ပုဂံလမ်းက ဟုတ်ပါတယ် ကျောင်းဝင်းထဲက ပုဂံလမ်းကို ရည်ညွှန်းတာပါ။ ကျွန်တော် ကျောင်းသားဘဝက အကြိမ်များစွာ လျှောက်ခဲ့ဖူးပါတယ်။
ဒုတိယမြောက်အချစ်ဦးနဲ့လည်း လွမ်းဆွတ် တမ်းတဖွယ်ရာ လျှောက်ခဲ့ဖူးပါတယ်။ ပုဂံလမ်းမှာ ပျော်ရွှင်ခဲ့ဖူးပါတယ်။ ပုဂံလမ်းမှာ စိတ်ကောက်ဖူးပါတယ်။ ပုဂံလမ်းမှာ စိတ်ဆိုးခဲ့ဖူးပါတယ်။ ပုဂံလမ်းမှာ နမ်းခဲ့ဖူးပါတယ်။
အဲဒီ ပုဂံလမ်းထိပ် အမည် မရှိတဲ့ လက်ဘက်ရည်ဆိုင်မှာ ....။
မှတ်မှတ်ယယ (အာကာကတော့ မမတစ်ဦးရှိဖူးတယ်တဲ့) နောက်ဆုံးနှစ်စာမေးပွဲ ပေပါဝမ်း (၁၉၈၇ စက်တင်ဘာ ၂ ရက်) အာစီတူးမှာ ဖြေရတယ်၊
ဂုဏ်ထူးမှတ်မရနိုင်ဘူး၊ သေချာတယ်၊ စာမေးပွဲခန်းထဲက စောထွက်။ ဘတ်စ်ကားစီး၊ ဦးချစ်မှာ ထိုင်၊ သူ စာမေးပွဲဖြေနေတုန်းလေ။ နောက် ဦးချစ်မှာထိုင်၊ နောက် လမ်း
လျှောက်သွား၊ အင်းဝ နဲ့ ပုဂံလမ်း အုတ်ခုံမှာထိုင် (အခု ဒီအုတ်ခုံမရှိတော့ဘူးထင်ရဲ့)။
တက္ကသိုလ်နဲ့ ဝေးပြီပေါ့။(တကယ်လည်း ဝေးခဲ့ပါတယ်။)
[စကားမစပ် တစ်လောက ဆုံးသွားတဲ့ ဂျက်၊ တစ်ခြားအရာတွေထက် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ပါရဂူဘွဲ့တက်ခွင့် ရခဲ့တာကို သတိရလိုက်တယ်။]
အခု ပုဂံလမ်းအိမ်မှာနေရင်း နာဂစ်နဲ့ကြုံခဲ့တယ်၊ အလုပ်အသစ်ရခဲ့တယ်၊ မဟာဘွဲ့ ရခဲ့တယ်၊ သူငယ်ချင်းသစ်တွေရခဲ့တယ်၊ သူငယ်ချင်းဟောင်းတွေနဲ့ တွေ့နိုင်ခဲ့တယ်။
အခုတော့လည်း တတ်နိုင်သလောက် ဆက်စပ်မှုရှိတဲ့ ခလေးတွေကို FOC စာသင်ပေးရင်း...
တက္ကစီငှားစီးတဲ့အခါ မယ်တင့်ကို (ပုဂံလမ်းက) စောင့်နေတယ်လို့ ဟာသပြောရင်း...
အိုနာ၊ ကျိုး၊ကန်း ဘဝကို ဆင်ခြင်သုံးသပ်ရင်း...

