ကျွန်တော်ရဲ့ဆောင်းအိမ်မက်များ

 





ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

အိမ်ပြန်ဖို့လမ်းပျောက်နေတယ်။

ဘစ်စ်ကားရှိမယ့်လမ်းရှာနေတယ်၊

တက္ကစီကားငှားဖို့ရှာနေတယ်။

ဒီလိုပင်ပန်းစွာနဲ့...။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

မနက်ခင်း အပြေးကျင့်နေတယ်။

ခပ်ဝေးဝေးရောက်တော့မှ

တုတ်ကောက်ဘယ်နားကျန်ခဲ့ပါလိမ့်လို့

တစ်လမ်းချင်းလျှောက် ပြန်ရှာတယ်။

ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

ရေးလက်စ VBA Code တွေ

ပြန်စစ်နေတယ်။

Error ရှာတွေ့တဲ့အခါ ပြုံးတယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

Excel Formula တွေမှာ

အကြိမ်ကြိမ် Looping ပတ်နေတယ်။

ဒီအဖြေဘာကြောင့်မမှန်တာလဲ

အပြန်ပြန်အလှန်လှန်စစ်ဆေးရင်း

Workbook တွေ Copy ကူးလိုက်

WorkSheet တွေ Copy ကူးလိုက်နဲ့

ကိုယ့်ရဲ့ Password တွေ ကိုယ် မေ့နေတတ်တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

ဒီအချိန်မှ တရားမမှတ်ရင်

ဘယ်အချိန် မှတ်မှာလဲဆိုတဲ့

သတိ သံဝေဂ နဲ့

ငါးပါးသီလပြန်ယူ (မယူလို့မဖြစ်ဘူးလေ ညက အရက်သောက်ထားတာကိုး)

သိသမျှ ရုပ်၊နာမ် (၂) ပါး (သို့) ခန္ဒာငါးပါး ပြန်လည်ရှုမှတ်ရင်း

အိပ်ပျော်သွားတတ်တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

ကြင်နာတတ်တဲ့ ကောင်မလေးကို သတိရတဲ့အခါ

သူ ကျန်းမာပါစေ၊ ချမ်းသာပါစေလို့

ဆုတောင်းပေးလိုက်တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

မနက်ဖြန် စာလာသင်မယ့်

Participants အသစ်တွေကို

ခြံထဲကခွေးတွေဟောင်တဲ့အခါ

ထွက်ကြိုဖို့ စိတ်မောနေတတ်တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

မနက်ရုံးသွားခါနီး

သွေးတိုးကျဆေး ရှာမတွေ့လို့

ဗျာများနေတတ်တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

နတ်ပြည်ရောက်ပြီး

နတ်သမီးလေးတွေကို

သဇင်ပန်းတစ်ခက်စီပေးခဲ့တယ်။


ဆောင်းတစ်ညအိမ်မက်မှာ

ကျွန်တော်ဟာ

...။

မိုးခိုင်

၂၀၁၅ ဇန်နဝါရီ ၅ ရက်၊ ည ၁၀နာရီ ၃၂မိနစ်။


Popular Posts